၁၄.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃ မိနစ်) သူရိယနေဝန်းဂျာနယ်ကို မီဒီယာကျင့်ဝတ်ဖောက်ဖျက်သည့် ဂျာနယ်အဖြစ် ကြေညာ


သူရိယနေဝန်းဂျာနယ်အား သတင်းမီဒီယာကျင့်ဝတ် ဖောက်ဖျက်သည့် ဂျာနယ်အဖြစ် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက ဇန်နဝါရီ ၁၃ ရက် တွင် ကြေညာလိုက်သည်။
၂ဝ၁၉ ဒီဇင်ဘာ၂၉ ရက်ထုတ် သူရိယနေဝန်းဂျာနယ် Vol. 1, No. 279တွင် ''ခွေးသားရေပေါ်မှာ ရေး မှတ်ထားရမယ့်ငွေကြောင့် မြန်မာ ပြည်အား သစ္စာဖောက်ကြသူများ''ခေါင်းစဉ်ပါ ဓာတ်ပုံနှင့်ပုံစာ ဖော်ပြ မှုတွင် ကလေးသူငယ်များပါသော မိသားစုဓာတ်ပုံကို ဖော်ပြထားမှုကြောင့် ကျင့်ဝတ်ဖောက်သည့် ဂျာနယ်ဖြစ် ကြောင်း ကောင်စီက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါဓာတ်ပုံနှင့် ရည်ညွှန်း ဆောင်းပါးတွင် ဖော်ပြထားသော အချက်အလက်များသည် ဆက်စပ်မှု မရှိခြင်း၊ သတင်းမီဒီယာသမားများ အတွက် ပြဋ္ဌာန်းထားသည့် သတင်းမီဒီ ယာဥပဒေ၊ နည်းဥပဒေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည့်ကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းများကို ကျူးလွန်ဖောက်ဖျက် ထားကြောင်း တွေ့ရှိရကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။




၂ဝ၁၉ ဒီဇင်ဘာ၂၉ ရက်ထုတ် သူရိယနေဝန်းဂျာနယ် Vol.1, No. 279၌ မျက်နှာဖုံး၌ အင်းဒင်အရေး ရေးသားဖော်ထုတ်ခဲ့သော ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့၏ မိသားစုနှင့် ကလေးငယ်များပုံကို ရိုက်နှိပ်ဖော်ပြ ခဲ့ပြီး ထိုကိစ္စရပ်အပေါ် သတင်းမီဒီယာ အသိုင်းအဝိုင်းက ရှုတ်ချပြောဆိုခဲ့ပြီး နောက် ကောင်စီမှယခုကဲ့သို့ထုတ်ပြန် ခြင်းဖြစ်သည်။

''ဝလုံးနဲ့ ကျော်စိုးဦးတို့ရဲ့ပုံတွေတင်လို့ ကျွန်တော်တို့ကို ခေါ်တော့ ကောင်စီကိုသွားပါတယ်။ သွားတော့ ကျွန်တော်တို့ကိုပြောပါတယ်။ ကျွန်တော် တို့ကတော့ ပြောစရာမရှိပါဘူး။ အဘတို့ သဘောအတိုင်းပဲလို့၊ ဘာပြောမှာလဲ လို့ပဲ ပြောလိုက်ပါတယ်။ ဒီလိုကြေညာ ခံရတဲ့အပေါ်မှာတော့ ပြောချင်တာက ဝလုံးနဲ့ ကျော်စိုးဦးကို ကျွန်တော်တို့က သစ္စာဖောက်ဆိုပြီးတော့ ရေးထားတာ ပေါ့နော်။ အဲဒါကို သူတို့ကတော့ မီဒီ ယာသမားတစ်ယောက် မှန်တဲ့အတိုင်းပဲ ရေးတယ်ပေါ့။ အဲဒီကိစ္စကိုအကြောင်း ပြုပြီး ကြေညာတယ်ပေါ့ဗျာ။ နောက် တစ်ခုက သူတို့မိသားစုပုံပါသွားလို့၊ ကလေးတွေပုံပါသွားလို့ ကျွန်တော်တို့ စိတ်မကောင်းဘူးလို့။ ခုလိုကြေညာတဲ့ အပေါ် ကြေညာချင်ကြေညာ၊ ထုတ်ဝေ ခွင့် ရပ်ချင်ရပ်၊ ကျွန်တော်တို့က ဘာမှ ဂရုမစိုက်ပါဘူး။ လုပ်စရာရှိတာ ဆက် လုပ်မှာပဲ။ ပိတ်လို့ရရင် ပိတ်ပေါ့။ ကျွန်တော်တို့က ပိတ်ချင်တာကြာလှပြီ''ဟု သူရိယနေဝန်းဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ဦးရဲဝင်းက ပြောဆိုသည်။
သူရိယနေဝန်းဂျာနယ်သည် ယခင် ကလည်း အလားတူ ကျင့်ဝတ်စည်း ကမ်းများကို မကြာခဏဖောက်ဖျက်ပြီး သတင်းဆောင်းပါးများ ရေးသားဖော်ပြ ခဲ့သည်ကို သတင်းမီဒီယာကောင်စီမှ စိစစ်တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်း မီဒီယာနည်းဥပဒေ ၁၉(ခ)အရ သူရိယ နေဝန်းဂျာနယ် တာဝန်ရှိသူများအား ဇန်နဝါရီ ၉ ရက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီကထုတ်ပြန်ထားသည့် ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းများကို ကျူးလွန် ဖောက်ဖျက်ထားကြောင်း နည်းဥပဒေ ၂ဝ(ခ)အရ သတိပေးခဲ့ကြောင်း ကောင်စီက သတင်းထုတ်ပြန်သည်။

သူရိယနေဝန်းဂျာနယ်အနေဖြင့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကထုတ်ပြန်ထားသည့် ကျင့် ဝတ်၊ စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာ ကျင့်သုံးမည်ဖြစ် ကြောင်း၊ ထို့ကဲ့သို့ထပ်မံကျူးလွန်မည် မဟုတ်ကြောင်း ဝန်ခံကတိပြုခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာနည်း ဥပဒေ ၂ဝ(ခ) “သတင်းမီဒီယာများ၊ စာနယ်ဇင်းအသင်းအဖွဲ့များက သတင်း မီဒီယာကျင့်ဝတ်ဖောက်ဖျက်မှုများ ရှိလာပါက အသိပေးခြင်း၊ အဆိုပါ ဖောက်ဖျက်မှုများနှင့် အငြင်းပွားမှု ဆိုင်ရာညှိနှိုင်းဖြေရှင်းပေးမှု ရလဒ်များကို အများပြည်သူသို့ ထုတ်ပြန်ကြေညာ ခြင်းအရ သူရိယနေဝန်းဂျာနယ်သည် သတင်းမီဒီယာကျင့်ဝတ်ကို ဖောက် ဖျက်ခဲ့သည့် သတင်းဂျာနယ်တစ်စောင် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို