၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၂ မိနစ်) မင်းပြားက ပျောက်သွားသူအချို့ကို သေဆုံးလျက်ပြန်တွေ့၊ ရွာသား ၃ဦးကို တော့၂ပတ်ကျော်ကြာတဲ့အထိ ရှာမတွေ့


ဇန်နဝါရီ ပထမပတ်ထဲ မင်းပြားမြို့နယ်နဲ့ မြေပုံမြို့နယ်အကြား ရန်ကုန်-စစ်တွေအဝေးပြေးကား လမ်းမ တစ်လျှောက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ချိန် သင်းပုန်းချောင်းကျေးရွာသားနှစ်ဦးနဲ့ ဖားပျော် ကျေးရွာနဲ့ ကမ်းနီကျေးရွာအကြား ဈေးဆိုင်ရောင်းချနေ သူ ဦးခက်မောင်တို့ ပျောက်ဆုံးသွားခဲ့ပါတယ်။

သင်းပုန်းချောင်းကျေးရွာသားနှစ်ဦးဖြစ်တဲ့ ဦးမောင်သန်းမြင့် အသက် (၄၃) နှစ်နဲ့ ဦးဝင်းမောင် အသက် (၃၂)နှစ် တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ ညဉ့် ၂ နာရီကျော်လောက်မှာ လူတစ်ဦးကဖုန်းဆက်ပြီး ရွာပြင်ကိုထွက်ခဲ့ဖို့ ခေါ်တဲ့အတွက် ထွက်သွားခဲ့တဲ့ အချိန်ကနေ ပြန်မရောက်တော့ဘဲ ပျောက်ဆုံးသွားခဲ့ တာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။

" ၇ ရက်နေ့မိုးလင်း အရုဏ် ၂ နာရီကျော်လောက်က ထွက်သွားတာ။ အဲ့ဒီအချိန်ကနေ အဆက်အသွယ်မရ ဘဲ ဖြစ်နေတာပါ။ ဘယ်လိုကိစ္စနဲ့ထွက်သွားလဲဆိုတာကို အိမ်ကလူတွေကိုလည်းမပြောခဲ့ဘူး။ သူတို့ နှစ်ယောက်က နီးနီးကပ်ကပ်နေတာဆိုတော့ သူတို့နှစ်ယောက်ထွက်သွားတာ။ ဖုန်းဆက်လို့ခေါ်တယ်လို့ပဲ ပြောခဲ့တယ်။ ဘယ်သူခေါ်လဲဆိုတာ ပြောမသွားဘူး။"လို့ ပျောက်ဆုံးနေသူဦးဝင်းမောင်ရဲ့ဇနီးဖြစ်သူ ဒေါ်နီနီဝင်းကပြောပြပါတယ်။
သူတို့ပျောက်ဆုံးပြီး ရက်ပိုင်းအတွင်းမှာလည်း မင်းပြားမြို့နယ် ရာမောင်တံတားအနီးနဲ့ ဖားပျော် ကျေးရွာအနီး ဝန်းကျင်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေအပြင်း အထန်ဖြစ်ပွားခဲ့ကြသလို တပ်မတော် စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက် တပ်မတော်သား အရာရှိတွေလည်း ကျဆုံးခဲ့ကြရပါတယ်။

အဲ့ဒီကျေးရွာနှစ်ရွာဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လေ့ကျင့်ရေးစခန်းတစ်ခုဖြစ်တဲ့ (တိုင်းဗဟို ၉) နဲ့ အနီးဝန်းကျင်က ကျေးရွာတွေဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကာလတွေမှာ ကျေးရွာသားတွေ ပျောက်ဆုံးတာတွေရှိခဲ့ပြီး တချို့ကိုတော့ ဒီရက်ပိုင်းအတွင်းမှာ သေဆုံးလျှက်နဲ့ အလောင်းတွေပြန်တွေ့ခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျေးရွာသားတွေပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ တပ်မတော်စစ်ကြောင်းတွေက ဖမ်းဆီးသွားတာရှိမရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့တို့ကို ဘီဘီစီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ပျောက်ဆုံးနေသူ နောက်ထပ်တစ်ဦးဖြစ်တဲ့ ဦးခက်မောင် အသက် (၅၄)နှစ်ဟာ မင်းပြားမြို့နယ် ဖားပျော်ကျေးရွာနဲ့ ကမ်းနီကျေးရွာအကြား ဇောက်ချောင်းရွာဟောင်းနေရာမှာ ဈေးဆိုင်ရောင်းနေသူဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လည် ၂ နာရီလောက်က အဲ့ဒီနေရာအနီး တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ ဇနီးသည် ဒေါ်မသန်းနုက ပြောပါတယ်။

ဦးခက်မောင်တို့မိသားစုဟာ အထက်ငပျောချောင်းကျေးရွာသားတွေဖြစ်ကြပြီး အဲ့ဒီဇောက်ချောင်းမှာ ဈေးဆိုင်ရောင်းချပြီး နေထိုင်နေကြတာ ငါးနှစ်လောက်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာ သတင်းစုံစမ်းမှုတွေအရ ဦးခက်မောင်ဟာ ကမ်းနီကျေးရွာအနီးက တပ်မတော်လေ့ကျင့်ရေး သတင်တန်းကျောင်း တိုင်းဗဟို ၉ မှာ ဖမ်းဆီးခံရပြီး ရှိနေတယ်လို့ သိရကြောင်း ဒေါ်မသန်းနုက ပြောပါ တယ်။

"အဲ့ဒီနေ့က တိုက်ပွဲဖြစ်မှာကိုလည်းမသိဘူး။ သိရင်လည်းထွက်ပြေးမှာပေါ့။ တိုက်ပွဲဖြစ်ပြီးတာနဲ့ကို ဆက်သွယ်လို့မရတော့ ဘူး။ အဲ့ဒီမှာဆိုင်ရောင်းနေတာ။ ကျွန်မလဲ ရန်ကုန်မှာ သမီးဆီကိုအလည် ရောက်နေတာ။ အခုသူ့ကို တိုင်းဗဟို ၉ မှာရှိတယ်လို့ပြောကြပါတယ်။ ကျွန်မယောက်ျားနဲ့ နောက်တစ်ရွာက နှစ်ယောက်ပျောက်နေတယ်။ တိုင်းဗဟို ၉ မှာ သုံံးယောက်ဖမ်းထားတယ်လို့ ပြောကြတယ်။"လို့ ဒေါ်မသန်းနုက ပြောပါတယ်။

ဦးခက်မောင်ဟာ အသက်ရွယ်လည်းကြီးနေပြီဖြစ်ကာ သမာအာဇီဝလုပ်ကိုင်စားသောက်နေတာ ဖြစ်ကြောင်းနဲ့ ဘယ်သူနဲ့မှအဆက်အသွယ်မရှိသူဖြစ်တဲ့အတွက် ဖမ်းဆီးထားလို့ရှိရင်လည်း ပြန်လည်လွှတ် ပေးဖို့ ဇနီးသည်ကတောင်းဆိုပါတယ်။

ပျောက်ဆုံးသူအချို့ကို သေဆုံးလျက်ပြန်တွေ့တာတွေလည်းရှိ
ဒါ့အပြင် ဇန်နဝါရီ ၁၁ ရက်နေ့ တိုက်ပွဲအတွင်းမှာ မင်းပြားမြို့ကနေဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ရွာကိုပြန်လာရာ က တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ ပျောက်ဆုံးသွားခဲ့တဲ့ကမ်းနီကျေးရွာက ကိုဇော်ဝင်းသိန်း ကို ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကျေးရွာသားတွေက အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း မေလွမ်းကျေးရွာသားတစ်ဦး က ပြောပါတယ်။

ကိုဇော်ဝင်းသိန်းဟာ မင်းပြားမြို့ကထွက်လာခဲ့တဲ့အချိန် မိသားစုကိုအကြောင်းကြားခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့ နေရာကို အရောက်မှာ အဆက်အသွယ်ပြတ်သွားတာဖြစ်နိုင်ကြေင်းနဲ့ သူ့ရဲ့အလောင်းကို ကျေးရွာသား တစ်ဦးက လွန်ခဲ့တဲ့ ၄ ရက်လောက်ကနေ တွေ့ရှိခဲ့ပေမယ့် တပ်မတော်စစ်ကြောင်းတွေ စခန်းချထားတာ ကြောင့် ၁၈ ရက်နေ့မှ အနီးဝန်းကျင်က ရွာသားတွေသွားယူပြီး ညနေပိုင်း ၄ နာရီလောက်မှာ သဂြိုဟ်ပေး လိုက်ရတယ်လို့ ဆိုပါတယ်။

ကိုဇော်ဝင်းသိန်းစီးလာတဲ့ဆိုင်ကယ်ကို ပျောက်ဆုံးနေသူ ဦးခက်မောင်ရဲ့ဈေးဆိုင်ရှိတဲ့ တဲအိမ်ခြံဝင်းအတွင်း မှာ နောက်ဘီးမပါဘဲ ပြန်တွေ့ခဲ့ရပြီး အလောင်းကိုတော့ အဲဒီဈေးဆိုင်ရဲ့အနောက်ဘက် ပေ ၁၅၀ ခန့်အကွာ ချောင်းထဲမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

သင်းပုန်းချောင်းကျေးရွာက ဦးမောင်သန်းမြင့်နဲ့ ဦးဝင်းမောင်တို့နှစ်ဦးကို ဘယ်သူတွေဖမ်းဆီးသွားလဲ ဆိုတာကို ခန့်မှန်းဖို့ခက်ခဲပြီး သူတို့နှစ်ယောက်ဟာ တစ်နေရာကိုခရီးလွန်နေသလား ဒါမှမဟုတ် တစ်စုံတစ်ဦးက ထိန်းသိမ်းထားတာလားဆိုတာကို ခန့်မှန်းလို့မရဖြစ်နေတယ်လို့ မိသားစုတွေက ပြောပါ တယ်။

"သူတို့က ဘာတစ်ခုမှလည်းမလုပ်ထားဘူး။ အပြစ်မရှိတဲ့အတွက် တကယ်လို့ ဖမ်းဆီးထားတယ်ဆိုရင်လဲ သူတို့အချိန်နည်းနည်းပါးပါးလွန်သွားတဲ့အတွက် လွှတ်ပေးစေချင်တယ်။ သူတို့နဲ့အဆက်အသွယ်ရဖို့ အတွက်ကိုလည်း တောင်းဆိုချင်ပါတယ်။"လို့ ဦးဝင်းမောင်ရဲ့ဇနီးသည် ဒေါ်နီနီဝင်းကပြောပါတယ်။

သင်းပုန်းချောင်းကျေးရွာသား ဦးမောင်သန်းမြင့်မှာ ပန်းရံလုပ်ငန်းလုပ်ကိုင်ပြီး ဦးဝင်းမောင်မှာ လယ်ယာ လုပ်ငန်းနဲ့ ကားမောင်းတဲ့အလုပ်တွေကို လုပ်ကိုင်နေကြသူတွေဖြစ်ပြီး ဘယ်အဖွဲ့အစည်းနဲ့မျှ ဆက်စပ်မှု မရှိကြဘူးလို့ မိသားစုတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားနေကြတဲ့တိုက်ပွဲတွေဟာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ကာ ရခိုင်ပြည်နယ်အလယ်ပိုင်းကိုထိ ကျယ်ပြန့်လာနေပြီး တိုက်ပွဲတွေအတွင်း ဖမ်းဆီးသတ်ဖြတ်ခဲ့ရတဲ့ အရပ်သားတွေလည်း တဖြေးဖြေးမြင့်တက်လာနေပါတယ်။

အခုလိုမျိုး သွားလာနေရင်း ပျောက်ဆုံးသွားခဲ့ကြသူတွေလည်းအများအပြားရှိနေပြီး တပ်မတော်က ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၁၅၀ ကျော်၊ အေအေဘက်က ဖမ်းဆီးထားသူတွေလည်း အများအပြားရှိနေ တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို