၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၃၂ မိနစ်) တရုတ်နှစ်သစ်ကူးမတိုင်မီ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံစျေးကွက်သို့ တစ်နေ့လျှင် သစ်သီးတင်ယာဉ်စီးရေ ၆၀၀ ခန့် ဝင်ရောက်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ


တရုတ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိသည့် ဖရဲသီး၊ သခွားတင်ယာဉ်များ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းရှိ သစ်သီး ဝလံစျေးကွက်အတွင်းသို့ တစ်နေ့လျှင် ယာဉ်စီးရေ ၆၀၀ ခန့်အထိ ဝင်ရောက်ရောင်းချလျက်ရှိနေကြောင်း မူဆယ်သစ်သီးဝလံ စျေးကွက်အတွင်းမှ သိရသည်။
ယခုအချိန်သည် မြန်မာပြည်အလယ်ပိုင်းဒေသထွက် ဖရဲ၊ သခွား သစ်သီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်ပြီး တရုတ်နှစ်သစ်ကူးမတိုင်မီ တရုတ်နိုင်ငံဘက်မှ သစ်သီးလာရောက်ဝယ်ယူသူများပြားသဖြင့် သစ်သီးစျေးကွက် ကောင်းမွန်နေကြောင်း မူဆယ်သစ်သီးဝလံ စျေးကွက်အတွင်းမှ သိရသည်။

“ အခုသစ်သီးစျေးတွေ ကောင်းနေပါတယ်။ သခွားမွှေးဆိုရင်လည်း တစ်ကီလိုကို တရုတ်ငွေ လေးယွမ်၊ ငါးယွမ်လောက်အထိရတယ်။ ဖရဲလည်း တစ်ကီလိုကို နှစ်ယွမ်၊ သုံးယွမ်လောက်အထိ ရတယ်။ ဖရဲကျတော့ ကားစင်းလုံးပြတ် ဝယ်တာများတယ်။ တရုတ်ငွေ ယွမ် ၄၀၀၀၀ လောက်အထိရတယ်။ ၁၃ တန်၊ ၁၄ တန်ယာဉ်တွေပေါ့။ တစ်ရက်တစ်ရက် သစ်သီးတင်ယာဉ်ဝင်သလောက် ရောင်းကုန်တယ်။ ကျန်ရင်လည်း လေးငါးစီးလောက်ပဲ ကျန်တယ်။ ကျန်တဲ့ သစ်သီးကားတွေကလည်း ဝယ်လက်ကပေးတဲ့ စျေးကိုမကြိုက်လို့ ကျန်ခဲ့တဲ့သဘောပေါ့။ ကိုယ်နဲ့တစ်ခြံတည်းကနေ အတူတူတက်လာပြီး တစ်စီးက ယွမ် ၄၀၀၀၀ ရတယ်။ ကျန်တစ်စီးက ၃၀၀၀၀ ပဲရတယ်ဆိုရင် အဲဒီတစ်စီးက မရောင်းတော့ဘဲ နောက်တစ်ရက်ကို စောင့်ရောင်းတဲ့သဘောပေါ့။ အသီးရဲ့ အရည်အသွေးနဲ့ အထားခံနေသေးတယ်ဆိုရင် စောင့်ကြတာပေါ့။ အထားမခံတော့ဘူး၊ လမ်းမှာလည်း ရက်ကြာနေပြီဆိုရင်တော့ ရတဲ့စျေးနဲ့ရောင်းရတာပေါ့။ လောလောဆယ် အခြေအနေမှာတော့ သစ်သီးစျေးကွက် အနေအထားက ကောင်းနေပါတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိ အရှေ့မြောက်တံခါးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် သစ်သီးအရောင်းကွင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာပြည်အလယ်ပိုင်းဒေသထွက်၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသထွက် ဖရဲများ အများဆုံး ဝင်ရောက်နေခြင်းဖြစ်ပြီး တရုတ်နှစ်သစ်ကူးမတိုင်မီ အချိန်ကာလအတွင်း ဖရဲနှင့် သခွားမွှေးယာဉ်များ အများအပြား ဝင်ရောက်လာဦးမည်ဖြစ်ကြောင်း သိရသည်။

“ အခုလောလောဆယ် ဖရဲနဲ့ သခွားကတော့ အများဆုံး အဝင်များတာပေါ့။ သခွားမွှေးကတော့ သုံးလပိုင်းလောက်ထိ ဝင်မယ်။ တရုတ်နှစ်သစ်ကူးမတိုင်မီ ဖရဲကားတွေတော့ တော်တော်များများ ဝင်မယ်။ ဖရဲကတော့ အစီးပြတ်ရောင်းတာများတယ်။ တစ်စီးကို တရုတ်ယွမ်ငွေ ၄၀၀၀၀ ကျော်၊ ၅၀၀၀၀ ကျော်လောက်အထိ ရတယ်။ အဲဒီလောက်ဆို ရင်ပဲ ဖရဲတစ်စီးကိုရောင်းရငွေက သိန်း ၁၀၀ နီးပါးရနေပါပြီ။ အစောပိုင်း ဖရဲသီးပေါ်တဲ့ သူတွေကတော့ စျေးကောင်းမရဘဲ အရှုံးပေါ်ကျတာပေါ့။ အခုမှ ဖရဲပေါ်တဲ့သူတွေကတော့ စျေးကောင်းရကြတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံကုန် စည်ဒိုင်မှ ဒေါ်ရီရီခိုင်က ပြောကြားသည်။

မန္တလေး- လားရှိုး -မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ် ဂုတ်တွင်းလမ်းတွင် ၂၂ ဘီး ကုန်တင်တွဲကယာဉ်များ မကြာခဏ စက်ချို့ယွင်းမှု၊ တိမ်းမှောက်မှုများဖြစ်ပွားကာ လမ်းပိတ်ဆို့မှုဖြစ်ပွားသည်မှအပ လက်ရှိ အခြေအနေတွင် နယ်မြေအခြေအနေ တည်ငြိမ်နေပြီး ယာဉ်များပုံမှန်အတိုင်း သွားလာရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို