၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၉ မိနစ် ) နှစ်ပေါင်း၂၀ ကျော်အတွင်း ပြည်ရေနံမြေမှ ရေနံစိမ်းထွက်ရှိမှု ရာခိုင်နှုန်း ၉၀ ကျော်နှင့် သဘာဝဓာတ်ငွေ့ထွက်ရှိမှု ၉၉ ရာခိုင်နှုန်းကျော်အထိ လျော့ကျလာသဖြင့် အထွက်နှုန်းတိုးတက်စေရေး လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိ


နှစ်ပေါင်း၂၀ ကျော်အတွင်း ပြည်ရေနံ မြေမှရေနံစိမ်းထွက်ရှိမှုရာခိုင်နှုန်း ၉၀ ကျော်နှင့် သဘာဝဓာတ်ငွေ့ထွက်ရှိမှု ၉၉ ရာခိုင်နှုန်းကျော်အထိ လျော့ကျလာသည့်အတွက် အထွက်နှုန်း တိုးတက်စေရေးအတွက် လုပ်ငန်းစီမံချက်များ စနစ်တကျရေးဆွဲ အကောင်အထည်ဖော်၍ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်အင်ဝန်ကြီးဌာနမှ သိရသည်။

ပြည်ရေနံမြေသည် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် တည်ရှိပြီး ၁၉၆၅ ခု နှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစိမ်း၂၅၆၃ စည်နှင့် ၁၉၉၈ ခုနှစ်တွင် တစ်နေ့လျှင် သဘာ၀ ဓာတ်ငွေ့ ၂၅ ဒသမ ၆၁၈ ကုဗပေသန်းအထိ အများဆုံးထုတ်လုပ်ပေးနိုင်ခဲ့သည်။

ထုတ်လုပ်မှုသက်တမ်းကြာမြင့်တာပြီ ဖြစ်သောကြောင့် လက်ရှိတွင် ပြည်ရေနံမြေ အတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်း ပေါင်း ၁၅ ခုမှ တစ်နေ့လျှင် ရေနံစိမ်း ၁၁၂ စည်နှင့် သဘာဝဓာတ်ငွေ့ သုည ဒသမ ၀၇၈၃ ကုဗပေသန်းသာ ထုတ်လုပ်ထားနိုင်သည်။

အဆိုပါပြည်ရေနယ်မြေ၏ လက်ရှိရေနံစိမ်းတစ်ရက်ထုတ်လုပ်မှုသည် အမြင့်ဆုံး ထုတ်လုပ်ခဲ့သည့် ၁၉၉၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ရေနံစိမ်းစည် ၂၄၅၁ စည်အထိ လျော့ကျခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၉၅ ရာခိုင်နှုန်းကျော်အထိ လျော့ကျခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ထို့အတူ လက်ရှိ သဘာဝဓာတ်ငွေ့ တစ်ရက်ထုတ်လုပ်မှုသည် အမြင့်ဆုံးထုတ်လုပ်ခဲ့သည့် ၁၉၉၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သဘာဝဓာတ်ငွေ့ ၂၅ ကုဗပေသန်းအထိ လျော့ကျခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၉၉ ရာခိုင်နှုန်း ကျော်အထိ လျော့ကျခဲ့သည်။

ထို့ကြောင့် ရေနံသဘာဝဓာတ်ငွေ့ တိုးတက်စေရေးအတွက် လုပ်ငန်းစီမံချက်များ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်၍ ဆောင်ရွက်နေကြောင်း သိရသည်။

အစိုးရသက်တမ်း တတိယတစ်နှစ်တာအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းအနေဖြင့် ကုန်းတွင်းနှင့်ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ ခုမှ စုစုပေါင်းရေနံစိမ်းစည် ၃ ဒသမ၃၂ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၆၂၃၀၀၀ ကျော် အထိထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် မေလ ၉ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောချက်များကို မေလ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

တတိယတစ်နှစ်တာကာလအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းက ကုန်းတွင်းပိုင်းတွင် ရှာဖွေရေးနှင့်ဖွံ့ဖြိုးရေးတွင်း ၂၃ တွင်းနှင့် ပူးပေါင်းကုမ္ပဏီများက ၁၇ တွင်း စုစုပေါင်း တွင်း ၄၀ တူးဖော်ခဲ့ပြီး ရေနံစိမ်းစည် ၂ ဒသမ ၃၁ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၉၀၁၉ သန်းထုတ်လုပ်နိုင်ခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတကာကုမ္ပဏီများမှ ကမ်းလွန်အပိုင်းတွင် ၄၆ တွင်း တူးဖော်ခဲ့ပြီး ရေနံ(လေဆီ)စည် ၁ ဒသမဝ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၀၄၈၁၈ သန်း ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။

တတိယတစ်နှစ်တာအတွင်း ကုန်း တွင်းနှင့် ကမ်းလွန်ရေနံစိမ်းစည် စုစုပေါင်း ၃ဒသမ၂သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ ၆၂၃၈၃၈ သန်းအထိ ထုတ်လုပ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ စုစုပေါင်းလုပ်ကွက် ၁၀၄ ကွက်ရှိပြီး ယင်းအနက် ကမ်းလွန်တွင် ၅၁ ကွက်နှင့် ကုန်းတွင်းတွင် ၅၃ ကွက်အထိရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို